သတင်းများ

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း ထားဝယ်မြို့မရဲစခန်း(အချုပ်ခန်း)နှင့် ထားဝယ်အကျဉ်းထောင်တို့အား ကြည့်ရှုစစ်ဆေး
Post Image

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်းသည် ထားဝယ်ခရိုင်တရားသူကြီး ဒေါ်ဝင်းဝင်းနွယ်၊ ထားဝယ်မြို့နယ် တရားသူကြီးဒေါ်မြင့်မြင့်စန်းတို့နှင့်အတူ မေ လ ၃၀ ရက် (၀၈:၃၀)နာရီအချိန်တွင် ထားဝယ်မြို့မရဲစခန်း(အချုပ်ခန်း)သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ အချုပ်သား/သူများအနေဖြင့် ဥပဒေနှင့်အညီ ရသင့် ရထိုက်သောအခွင့်အရေးများရရှိခံစားခွင့် ရှိ မရှိ စစ်ဆေးကြည့်ရှုခဲ့ရာ ထားဝယ်မြို့မရဲစခန်း စခန်းမှူးက အချုပ်သား/သူများ၏ အခြေအနေနှင့် စပ်လျဉ်း၍ တင်ပြခဲ့ပါသည်။  

ဆက်လက်၍ (၀၉:၀၀)နာရီအချိန်တွင် ထားဝယ်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ထားဝယ်အကျဉ်းထောင်တာဝန်ခံအရာရှိရုံးခန်းတွင် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်း၊ ထားဝယ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဖေတို့က အချုပ်ခံရသူများနှင့် ပြစ်ဒဏ် ကျခံနေရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အချုပ်ခံနေရသူများနှင့် ပြစ်ဒဏ်ကျခံနေရသူများ၏ အမျိုးသား၊ အမျိုးသမီးအဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင် ဆေးခန်း၊ အကျဉ်းထောင်ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ အချုပ်ခံ နေရသူများ၊ ပြစ်ဒဏ်ကျခံနေရသူများနှင့် တွေ့ဆုံပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် မကျန်းမာ ပါက ဆေးကုသခွင့် ရှိ မရှိ၊  နှိပ်စက်ညှင်းပန်းခြင်း ရှိ မရှိ၊ အမျိုးသမီးတရားခံများကို အကာအရံဖြင့် လုံခြုံစွာထားရှိမှုနှင့် အမျိုးသမီးအဖော် အစောင့်အရှောက်ဖြင့် ထားရှိမှုအခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးစသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံ မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ