ထားဝယ် နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်း ရတနာပန္နက်တော်တင်ခြင်းနှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၀၈:၄၅ နာရီက ထားဝယ်မြို့၊ ကံ့ကော်လမ်း၊ ဆန်းချီရပ်ကွက် တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အဦသစ် (၂၁၂ x ၁၆၃) ပေ၊ RCC (၃)ထပ် အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်မည့်နေရာ၌ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့် တာဝန်ယူတည်ဆောက်မည့် Successful PT Generation ကုမ္ပဏီမှ တာဝန်ရှိသူများက ဘင်ခရာ အဖွဲ့၊ ပန်းပွားအကအဖွဲ့များဖြင့် မင်္ဂလာအခမ်းအနားကို ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးမြတ်ကို၊ တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ လျှပ်စစ်၊ စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာဝင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦး၊ တနင်္သာရီ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ရင်ရင်သန်း နှင့် ဒေါ်ထွေးထွေး ၊ တနင်္သာရီတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိန်တို့က သတ်မှတ်နေရာ အသီးသီး တွင်နေရာယူကြပြီး မင်္ဂလာအချိန် ကျရောက်သည်နှင့်တစ်ပြိုင်နက် ရတနာပန္နက်တော် စိုက်ထူခြင်း၊ အမွှေးနံ့သာရည်ပက်ဖြန်းခြင်း နှင့် တွင်းတော်ဝန်း မင်္ဂလာပြုခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတို့က အောင်မြင်ခြင်းမင်္ဂလာအဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးသည်။ ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့မှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြပြီး တက်ရောက်လာကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များကို တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အဦအသစ်ကို တရားစီရင်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၊ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ၊ ထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှု များပိုမိုထိရောက်လာစေရန် တရားရုံးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို ပြည်သူများအဆင်ပြေစွာ ရယူနိုင်ရန်၊ တရားစီရင်ရေးစနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှုတိုးတက်လာစေရန်နှင့် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ၂၀၂၃-၂၀၂၇ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ ခုနှစ်) မဟာဗျူဟာရည်မှန်းချက် ၁.၄.၁ အရ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။