သတင်းများ

(၃၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း
Post Image

ဖေဖော်ဝါရီ (၅)ရက်နေ့ နှင့် (၆)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ခရိုင်တရားသူကြီးများ၏(၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို (၂၂-၂-၂၀၂၆)ရက်နေ့၊ နံနက် (၁၀)နာရီတွင်  ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၌ Video Confrence ဖြင့် ကျင်းပပြုလုပ်ပါသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက အမှာစကားပြောကြားပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏  တရားစီရင်ရေးရာဆွေးနွေးမှာကြားချက် များကို ထပ်ဆင့်ရှင်းလင်းမှာကြားပါသည်။

          တရားသူကြီးချုပ်မှ အမှုများကို မှန်မှန်နှင့်မြန်မြန်စစ်ဆေးစီရင်ပြီး သက်သေခံပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး သက်သေခံပစ္စည်းစီမံခန့်ခွဲတဲ့အမိန့်များ အချိန်နှင့်တပြေးညီ ချမှတ်ပြီး အမြန်ဆုံးစီမံခန့်ခွဲနိုင်ရေးဆောင်ရွက်သွားရန်၊ ပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်ရန် တရားသူကြီးများ၊ တရားရေးအရာရှိများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားပါသည်။

           တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း နှင့် ဒေါ်ရင်ရင်သန်းတို့က မိမိတို့၏ တရားစီရင်ရေးအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးမှာကြားပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးလွန်းဘော်က အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက မှာကြားခဲ့သော စီမံခန့်ခွဲရေးရာ၊ တရားစီရင် ရေးဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

          ထို့နောက် အိန္ဒိယနိုင်ငံ ဘိုပါးမြို့ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတွင် ဖွင့်လှစ်ခဲ့သော တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (အဌမ အကြိမ်)သို့ တက်ရောက်ခဲ့သည် သင်တန်းသူ ထားဝယ်ခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါ်ထိပ်ထားလေးက သင်တန်းအတွေ့အကြုံများကို ရှင်းလင်း တင်ပြခဲ့ပါသည်။