တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အနေဖြင့် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)တို့အရ တရားရုံးအသုံးပြုသူပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေရန် တရားရုံးဝန်ဆောင်မှုများကို အများပြည်သူ လက်လှမ်းမီစေရန်နှင့် တရားရုံး စစ်ဆေးဆဲမှုခင်းများ၏ စစ်ဆေးစီရင်မှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရယူလိုသော သတင်းမီဒီယာသမားများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉:၀၀ နာရီက တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားသူကြီး များ၊ တရားရေးအရာရှိများ၊ တရားရုံးဝန်ထမ်းများပါဝင်တက်ရောက်ကြပါသည်။
ဦးစွာ တနင်္သာရီတိုင်းဒေသကြီးတရားသူကြီးချုပ်က နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော် အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)တို့အရ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်နှင့် တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများက တရားရုံးသို့ ဦးတိုက်မှုဖြင့် လာရောက်တိုင်ကြားလိုသော အမှုသည် များ၊ ရာဇဝတ်မှု၊ တရားမမှုများ စွဲဆိုတင်ပို့ရာတွင် လိုအပ်သည့်အချက်အလက်များကို အများပြည်သူသိရှိနိုင်ရန် ကြေညာထားခြင်း၊ အမှုသည်များအနေဖြင့် အမှုစစ်ဆေးနေစဉ် အမှုတွဲဆောင်ရွက်ချက်များအပေါ် မိတ္တူကူးရယူလျှောက်ထားလိုခြင်းတို့အတွက် သတင်း အချက်အလက်ကောင်တာများ၊ အမှုလက်ခံကောင်တာများထားရှိခြင်း၊ ယင်းကောင်တာများ တွင် တာဝန်ပေးအပ်ထားသော တရားရေးအရာရှိများ(သို့မဟုတ်)တရားရုံးဝန်ထမ်းများသည် အမှုသည်များ၊ ပြည်သူများက မေးမြန်းလာသည့်အခါ လိုအပ်သည့်အချက်အလက်များကို ယဉ်ကျေးပျူငှါစွာဖြေကြား ဆက်ဆံကြရန်လိုအပ်ကြောင်း မှာကြားသည်။
တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ နယ်ပယ် ၅ ဖြစ်သော ထိရောက်သောမှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သည့် အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်နှင့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်တို့ကို တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တွင် အရှိန်အဟုန် မြှင့်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲအစီအစဉ် ဆောင်ရွက်ခြင်းဖြင့် မှုခင်းများ ကို အချိန်နှင့်တပြေးညီ တရားမျှတစွာ စစ်ဆေးစီရင်ခြင်းဖြင့် တရားရုံးများအပေါ် ပြည်သူ လူထု၏ ယုံကြည်စိတ်ချမှု မြှင့်တင်ပေးကြရန်ဖြစ်ကြောင်းနှင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆောင်ရွက်ခြင်းဖြင့် အမှုသည်များအကြား နှစ်ဖက်အငြင်းပွားမှုကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဖြေရှင်းပေးနိုင်သည့် ကောင်းကျိုးများကို လွယ်ကူစွာခံစားရရှိကြမည်ဖြစ်ကြောင်း၊
တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများအနေဖြင့် အများပြည်သူစိတ်ဝင်စားသော မှုခင်းများ၏ သတင်းအချက်အလက်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ သိရှိလိုသော အကြောင်းအရာများကို ဖြေကြားပေးနိုင်ရန် တရားရုံးအဆင့်ဆင့်တွင် တရားရုံးသတင်း ပြန်ကြားရေး အရာရှိများ ခန့်အပ်ထားပြီး သတင်းပြန်ကြားရေးအရာရှိများအနေဖြင့် တိကျ သေချာသောသတင်းအချက်အလက်များကို သတင်းမီဒီယာဥပဒေ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ထုတ်ပြန်သော တရားရုံးသတင်းမီဒီယာလက်စွဲများနှင့်အညီ ဖြေကြား ပေးကြရန်ဖြစ်ကြောင်း၊
ထို့အပြင် တရားလွှတ်တော်၏ Website တွင် မှုခင်းများ ကြားနာ မည့်နေ့ရက်၊ အမိန့်ချမှတ်မည့် နေ့ရက်များနှင့် လုပ်ငန်းစီမံချက်များကို အချိန်နှင့်တပြေးညီ ဖော်ပြ ဆောင်ရွက်ခြင်းဖြင့် တရားရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက်များကို တရားရုံး အသုံးပြုသူများနှင့် ပြည်သူတစ်ရပ်လုံးက သိရှိနိုင်ရေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများ၊ တရားရေး အရာရှိများ၊ တရားရုံးဝန်ထမ်းများက တရားရုံးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူ လက်လှမ်းမီနိုင်ရေးနှင့် အမှုစစ်ဆေးစီရင်မှုကို သတင်းမီဒီယာများ မေးမြန်း လာသည့်အချက်အလက်များအပေါ် သတင်းပြန်ကြားပေးခြင်းဖြင့် ပြည်သူများက တရား ဥပဒေကို လေးစားလိုက်နာမှုဖြစ်ပေါ်လာစေရန်အတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးတင်ပြကြပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။